ှ
ှ
13 March, 2009
20 February, 2009
လက်ချောင်းရှည်သူအမျိုးသားများ ဘဏ္ဍာရေးဆိုင်ရာအောင်မြင်မှုပိုမိုရလေ့ရှိ
အမျိုးသားများအနက် လက်ချောင်းရှည်သည့် အမျိုးသားများမှာ လက်ချောင်းမရှည်သူများထက် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုအောင်မြင်မှုရရှိနိုင်ကြောင်း Proceedings of the National Academy of Sciences သုတေသနစစ်တမ်း၌ ဖော်ပြထားကြောင်း London Post သတင်းတစ်ရပ်အရ သိရသည်။
လုပ်ငန်းချင်တူနေလျှင်ပင် လက်ချောင်းပိုရှည်သူများမှာ ငွေကြေးအရ ပိုမိုအောင်မြင်မှု ရလေ့ရှိကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ လက်ချောင်းပိုရှည်သည့် အမျိုးသားများသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိခြင်း၊ ဇွဲပိုကြီးတတ်ခြင်း၊ တုံ့ပြန်မှုများ ပြုရာတွင် မြန်ဆန်မှန်ကန်လေ့ရှိခြင်း၊ ဆုံးဖြတ်ချက်ချနိုင်မှု စွမ်းရည်မြင့်မားခြင်း၊ စွန့်စားလုပ်ဆောင်လိုစိတ်ရှိခြင်းတို့နှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်ကြောင်း၊ လက်ချောင်းပိုရှည်သည့် အမျိုးသားများတွင် ကျားဟိုမုန်းဓာတ်တစ်မျိုးဖြစ်သည့် Androgen ပိုမိုပါရှိနေကြောင်း ယင်းစစ်တမ်း၌ ဖော်ပြထားသည်။
လက်ချောင်းပိုရှည်သည့် အမျိုးသားများမှာ ငွေကြေးအရ အောင်မြင်မှု ရရှိရန်ပိုမိုစိတ်အားထက်သန်ကြကြောင်း၊ ၎င်းတို့တွင် Testosterome ခေါ်ဖိုဟိုမုန်းဓါတ်ပါဝင်မှု ရေချိန်မြင့်မားနေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့သော်၎င်းတို့မှာ ရေတိုအောင်မြင်မှုရရှိရေးကို ပိုမိုအလေးထားလေ့ရှိကြောင်း အဆိုပါ စစ်တမ်းကိုထုတ်ပြန်သည့် သုတေသီများက ပြောကြားသည်။ လက်ချောင်းပိုရှည်သူ အမျိုးသာများမှာ အားကစားလုပ်လျှင် အောင်မြင်မှုပိုရလေ့ရှိကြောင်းနှင့် အားနည်းချက်မှာ ၎င်းတို့သည် လူမှုရေးခေါင်းပါးလေ့ရှိကြောင်း သုတေသီ များကထပ်လောင်းပြောကြားသည်။
>>> The Voice Weekly <<<

17 February, 2009
သိပ္ပံသမား
နယူးယောက်သို့သွားမည့် ရထားပေါ်တွင် သိပ္ပံပညာရှင်တစ်ဦး စီးနင်းလိုက်ပါလာရာ ၎င်းတို့နှင့်အတူ ဘေးချင်းယှဉ်လျက်တွင် လယ်သမားတစ်ဦး လိုက်ပါလာသည်။ သိပ္ပံပညာရှင်သည် လယ်သမားကို စိတ်ဝင်စားသည်လည်းတစ်ကြောင်း၊ ပျင်းပျင်းရှိသည်ကလည်းတစ်ကြောင်းကြောင့် လယ်သမားနှင့် အမေးအဖြေဂိမ်းတစ်ခု ကစားရန်ဆုံးဖြတ်လိုက်ပြီး - “ခင်ဗျားကိုကျွန်တော်က မေးခွန်းတစ်ခုမေးမယ်။ ပြီးရင်ခင်ဗျားကပြန်မေး။ ကျွန်တော်ဖြေတာမှားရင် ခင်ဗျားကို ၁၀ ဒေါ်လာပေးမယ်။ ခင်ဗျားမှားရင် ၁ ဒေါ်လာ ပဲပေးရမယ်။ ဘယ်နှယ့်လဲ” ဟုလယ်သမားအား မေးလိုက်လေသည်။ လယ်သမားက ခေတ္တစဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်ကာ “ကောင်းပြီလေ။ ဒါဆိုကျွန်တော်စပြီး မေးခွန်းထုတ်မယ်။ ‘ခြေ ၃ ချောင်းပါပြီး အုန်းပင်ပေါ်တက်ရင် ၁၀ နာရီလောက်ကြာတဲ့ သတ္တ၀ါဟာဘာလဲ’ ဟုမေးခွန်းထုတ်လိုက်လေသည်။ သိပ္ပံပညာရှင်လည်း မေးခွန်းကိုဖြေနိုင်ရန် အကြိတ်အနယ် စဉ်းစားလေသည်။ အမျိုးမျိုးစဉ်းစားသော်လည်း အဖြေမရဖြစ်နေကာ ရထားမှာ နယူးယောက်ဘူတာ ဆိုက်ခါနီးလာလေပြီ။ ထိုအခါမှ သိပ္ပံပညာရှင်က ၁၀ ဒေါ်လာ ထုတ်ပေးကာ လယ်သမားအား “ကျွန်တော်မဖြေနိုင်ဘူး ရော့ဒီမှာ ၁၀ ဒေါ်လာ။ ခင်ဗျားပြောတာ ဘာသတ္တ၀ါလဲ” ဟုလယ်သမားအားမေးရာ လယ်သမားက “ကျွန်တော်လည်းမသိဘူး။ ရော့ဒီမှာ ၁ ဒေါ်လာ” ဆိုကာ ၉ ဒေါ်လာ အိတ်ကပ်ထဲထည့်၍ ရထားပေါ်မှ ဆင်းသွားလေသည်။
16 February, 2009
ဦးခေါင်းကိုတစ်ခုခုနဲ့ တိုက်မိတဲ့အခါ ကြယ်တွေမြင်ရသလိုဖြစ်တာ ဘာကြောင့်လဲ
ကာတွန်းဇာတ်လမ်းထဲတွင်သာ ဦးခေါင်းကို တစ်ခုခုနှင့် တိုက်မိပါက ကြယ်များ၊ လများ မြင်တွေ့ရသည်မဟုတ်ပေ။ အကယ်၍ ဦးခေါင်းဆောင့်မိ၊ တိုက်မိပြီဆိုလျှင်လည်း မျက်စိအတွင်းရှိ ဖန်ကဲ့သို့ ကြည်လင်သည့်အရာဟု အသိများသော ဂျယ်လီသည် ထွက်ရှိမှုရုတ်တရက် ပြတ်တောက်သွားပြီး ၎င်းနှင့် ဆက်စပ်နေသော မျက်စိအာရုံခံလွှာကို တုံ့ဆိုင်းမှုဖြစ်စေသည်ဟု McGill တက္ကသိုလ်မှ မျက်စိကုသမှုပညာရှင် ဒေါက်တာဘယ်ရီဆစ်လ်ဗာ ကပြောသည်။ မျက်စိအာရုံခံလွှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာသောအခါ မျက်စိဖြင့် မမြင်နိုင်သော ဦးနှောက်အပြင်လွှာသို့ လျှပ်စစ်ဓာတ်များထုတ်လွှတ်သည်။ ဦးနှောက်အပြင်လွှာက အဆိုပါလျှပ်စစ်ဓာတ်များကို ကြယ်များ သို့မဟုတ် အလင်းရောင်တန်းများကဲ့သို့ သိမြင်စေပြီး ခန္ဓာကိုယ်လှုပ်ရှားမှုလျင်မြန်ပါကလည်း ထိုကဲ့သို့ပင်ဖြစ်တတ်သည်။
သားသမီးကလေးများရဲ့ စိတ်နေသဘောထား
အိမ်ထောင်တစ်ခုတွင် သားသမီးများဟာ တစ်ဦးတည်းသောသား၊ သားဦး၊ အထွေးဆုံး၊ အလတ် စသဖြင့် ရှိရာ သူတို့တစ်ဦးနှင့် တစ်ဦး စိတ်နေသဘောထားခြင်း မတူညီတတ်ကြပါ။
သူတို့ရဲ့ စိတ်နေသဘောထား ကွဲပြားကြပုံကို ဖော်ပြရသော်…..
(က) တစ်ဦးတည်းသောသား၊ သမီး
တစ်ဦးတည်းသောသားမှာ အပြိုင်အဆိုင်မရှိတဲ့အတွက် ပြီးပြည့်စုံ ပြိုင်ဘက်မရှိဟု မိမိဘာသာစိတ်ကျေနပ်မှု ရှိသော်လည်း တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ တစ်ဦးတည်းသော သမီးတွေကတော့ ဖခင်ရဲ့ အရည်အချင်းတွေကို အားကျပြီး ယှဉ်ပြိုင်လိုစိတ်ရှိကာ ထင်ပေါ်ကျော်ကြား လိုကြပါတယ်။
(ခ) သားကြီး၊ သမီးကြီး
သားကြီး၊ သမီးကြီးတွေဟာ သြဇာပေးတတ်တဲ့ သူတွေဖြစ်ပါတယ်။ သမီးကြီးတွေမှာ စေ့စပ်သေချာသူဖြစ်ပြီး အငယ်တွေအပေါ်မှာ မိခင်သဖွယ် စောင့်ရှောက်တတ်သူတွေ ဖြစ်ပါတယ်။ မွေချင်းထဲမှာ မိန်းကလေးတွေမပါတဲ့ သားကြီးဖြစ်သူတွေက သမီးကြီးတွေလုပ်တတ်တဲ့ အလုပ်ကိုမလုပ်နိုင်ဘဲ မိန်းမတွေနဲ့တွေ့လျှင် ရှက်တတ်သူ ဖြစ်ပါတယ်။
(ဂ) သားထွေး၊ သမီးထွေး
သူတို့ဟာ မိဘတွေကဲ့သို့ အခြားမွေးချင်းတွေ အပေါ်မှာပြုမူနိုင်သူတွေမဟုတ်ပါ။ သားထွေး ယောက်ျားလေး တွေက မိသားစုဝင်တွေမှာ ပိုမိုနွဲ့နှောင်းချွဲတတ်ပြီး ကြိုးစားလိုစိတ်မရှိ၊ ရေသာခိုစိတ်သာရှိ၍ အရာရာအပေါ်မှာ အသေးစိတ် စိတ်မ၀င်စားတတ်သူတွေ ဖြစ်ပါတယ်။ သမီးထွေးတွေကတော့ ပိုမိုအမှီအခိုကင်းလိုကြသော်လည်း သူတို့ကို အုပ်ထိန်းပေးရန် လိုအပ်ပါတယ်။ သူတို့ဟာ အမျိုးသမီးစိတ်ပိုမိုရှိသော်လည်း အလိုလိုက်ခံရ၍ ပျက်စီးလွယ်တတ်သူတွေ ဖြစ်ပါတယ်။
(ဃ) အလယ်အလတ်ကလေးများ
အလတ်တွေဟာ အရာရာကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားတတ်ပြီး ဆန့်ကျင်ဘက်လိင်တွေအကြား ထင်ပေါ်ကျော်ကြားလိုသူတွေ ဖြစ်ပါတယ်။ သို့သော် အများတကာ ဂရုစိုက်မှုခံရအောင် ယှဉ်ပြိုင်ကြရင်း ယောက်ျားလေး သားလတ်တွေဟာ နိမ့်ကျတဲ့စိတ်ကို ခံစားရပြီး သမီးလတ်တွေအဖို့ လိုချင်မှုတွေ များလာတတ်ပါတယ်။
>>> www.myanmarhealthcare.com <<<

ချစ်မှုရေးရာပြေလည်ရေး အလွယ်ဆုံးနည်းလမ်းများ
အချစ်ဆိုသည်မှာ ကျွန်ုပ်တို့နှင့် မကင်းရာမကင်းကြောင်းအရာတစ်ခုမဟုတ်။ Essential One ပင်ဖြစ်ပေသည်။ မချစ်တတ်သောယောက်ျား၊ ချစ်တတ်သောယောက်ျား၊ အချစ်ငတ်သောယောက်ျား၊ အချစ်မပြတ်သောယောက်ျားများနှင့် အလားတူမိန်းမများအကြား ချစ်မှုရေးရာပြေလည်ရေးကိစ္စမှာ ယုံကြည်ရပ်တည်ရှင်သန်ရေးတွင် အမှန်တကယ်ပင် အရေးကြီးသော ကိစ္စဖြစ်၏။ နှလုံးငြိမ်မှ အလုပ်ငြိမ်မည်မှာ ဧကန်ပင်ဖြစ်သောကြောင့် ချစ်မှုရေးရာပြေလည်ရေး အလွယ်ဆုံးနည်းလမ်းများအား လေ့လာကြည့်ကြပါကုန်။
(၁) ပန်းပေးပါ - ချစ်ရသူကို နှင်းဆီပန်း ၁၂ ပွင့်စည်းပြီးပေးပါ။ ၁၁ ပွင့်ဟာ အနီရောင်ဖြစ်ပြီး ၁ ပွင့်ဟာ အဖြူရောင်ဖြစ်ပါစေ။ ပန်းစည်းမှာ ကတ်ပြားလေးတစ်ခုချိတ်၊ ကတ်ပြားပေါ်မှာ ဒီလိုရေး ‘နှင်းဆီတွေပေါပါတယ်၊ ဒါပေမဲ့ ကိုယ့်အတွက်တော့ တစ်ပွင့်တည်းရှိတယ်။ အဲဒါမင်းပါပဲ နှင်းဆီဖြူလေးရေ’ ။
(၂) အလင်းရောင်ကိုမေ့လိုက် - တစ်စုံတစ်ရာသောနောက်ဆက်တွဲရလဒ်ကို မျှော်ကိုးချဉ်းကပ်တာမျိုး မလုပ်ပါနဲ့လို့ ဆိုလိုတာဖြစ်ပါတယ်။ သန့်သန့်လေး ဖြစ်ကြောင်း ရှေ့နောက်ကွယ်ရာမရွေး ထင်ရှားဖို့လိုပါတယ်။ ပေသီးမခေါက်ပါနဲ့။
(၃) နာရီတစ်လုံးဝယ်ပေးလိုက် - တန်ဖိုးမြင့်တာ၊ နိမ့်တာအသာထား။ လိုက်ဖက်မယ်ထင်တဲ့ နာရီတစ်လုံးဝယ်ပေးလိုက်ပါ။ တိုင်ကပ်နာရီတော့မဖြစ်စေနဲ့ပေါ့။ နာရီပေးရင်းနဲ့ ‘မင်းအတွက်အချိန်တိုင်းကိုယ်ပါ’ လို့ပြောပေတော့။
(၄) အရင်ရွေးခိုင်းပါ - အတူသွားတဲ့အခါ၊ စားတဲ့အခါ၊ ၀ယ်တဲ့အခါ ဘာမဆိုချစ်သူကို ဦးစားပေးရွေးချယ်ခိုင်းပါ။ ‘ခင်ရွေးပါ၊ မောင်ရွေးပါ’ လုပ်လွန်းအားကြီးရင်တော့ ရွေးခိုင်းကြရင်းနဲ့ ပြဿနာတတ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကပဲ သူ့ကို အရင်ရွေးခိုင်း။ တန်ဖိုးအကြီးဆုံးဆိုတာတွေကို မရွေးလိုက်ပါစေနဲ့လို့လည်းဆုတောင်း။
(၅) ‘အမှတ်တရနေ့’ သတ်မှတ်ထားပါ - ချစ်သူနဲ့ကိုယ့်ကြားမှာ နှစ်ဦးသဘောတူတဲ့ အမှတ်တရအဖြစ်ဆုံးနေ့ရက်ရှိဖို့ ဖန်တီးပါ။ အဲဒီနေ့ရောက်တိုင်းနှစ်ပတ်လည်၊ လပတ်လည် အခမ်းအနားလုပ်ပေးပါ။
(၆) သူ့အလှည့်၊ ကိုယ့်အလှည့် - တစ်ရက်မှာတစ်ခါ သူ့အလှည့်၊ ကိုယ့်အလှည့် အပြန်အလှန် ‘ချစ်ပါတယ်’ လို့ ပြောဖြစ်နေရေးညှိနှုင်းစီမံပါ။ မောင်းမောင်း၊ မမောင်းမောင်း အင်ဂျင်ကိုတော့ပုံမှန်နှိုးပေးရမယ်မဟုတ်လား။
(၇) အသင့်ရှိပါစေ - ချစ်သူအတွက်ဘာမဆို ကူညီပေးဖို့အသင့်ရှိပါစေ။ အသင့်ရှိကြောင်းလည်းသိထားပါစေ။
(၈) တစ်ရက်တစ်ပုဒ် - ချစ်သူဆီကို တစ်ရက်ကဗျာတစ်ပုဒ်၊ ဒါမှမဟုတ် ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ပို့ပေးပါ။ ကဗျာအမျိုးအစား မရွေးပါနဲ့။ ကိုယ့်လက်ရေးနဲ့တော့ ကူးရေးဖို့လိုပါတယ်။ ဥာဏ်စမ်းပုစ္ဆာပို့မယ်ဆိုရင်လည်း ကိုယ်တိုင်အဖြေရထားတဲ့ပုစ္ဆာ ဖြစ်ပါစေ။ ကိုယ့်အထုပ်ကိုယ်ဖြည်တတ်ဖို့လိုပါတယ်။
(၉) ရှင်းထားပါ - ချစ်ရသူကို နောက်ပိုးစကားပြောတဲ့အခါမှာဖြစ်စေ၊ ချစ်သူနဲ့စကားလက်ဆုံကျရာမှာဖြစ်စေ ကိုယ့်မှာချေးညှော်မရှိအောင်၊ အနံ့အသက်ကင်းအောင်ရှင်းထားဖို့လိုပါတယ်။ မွှေးကြိုင်လွန်းနေအောင် လုပ်ထားရင်လည်း ချစ်သူက ‘ဘရိတ်ဓား’ တစ်စင်းလားလို့ ထင်သွားနိုင်တာကို သတိပြု။
(၁၀) အိုင်ဒီယာတွေပြောပြ - ချစ်သူကို ဘာလုပ်မှာ၊ ဘယ်လိုလုပ်မှာ ဆိုတဲ့ အိုင်ဒီယာတွေပြောပြပါ။ ဒါပေမယ့် ပကတိရိုးသားမှုရှိဖို့လိုပါတယ်။ ‘ကိုယ့်ကိုလျှော့မတွက်နဲ့၊ ပိုလည်းမတွက်နဲ့’ လို့ပြောပြသင့်တယ်။ သူ့ကိုလည်းပြောခိုင်းပါ။
(၁၁) သီချင်းဆိုပြပါ - ချစ်သူချင်း အပြန်အလှန်ရတဲ့ သီချင်းလေးတွေဆိုပြကြဖို့လိုပါတယ်။ ကြည်နူးမှုကနေ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်သတဲ့။ တစ်ခုပဲသတိပြုဖို့လိုပါတယ်။ ချစ်သူက ကြိုက်တာသီချင်းချိုချိုအေးအေး၊ ကိုယ်ဆိုပြတာက အပြင်းစား Rock သီချင်း မဖြစ်ဖို့လိုပါတယ်။
(၁၂) ပြန်ပေးဆွဲပါ - လန့်မသွားပါနဲ့။ ချစ်သူနဲ့အတူ ဟိုဟိုဒီဒီလျှောက်လည်တာမျိုးလုပ်ဖို့ ဆိုလိုတာပါ။ အတူသွား၊ အတူစား အကျင့်လေးတွေမွေးမြူထားမှ တစ်ဦးနဲ့တစ်ဦးအကြား နားလည်မှုတွေ ပိုခိုင်မာတတ်တာကြောင့်ပါပဲ။
(၁၃) ဘယ်ခရီးကိုသွားသွား အပြန်လက်ဆောင်ဝယ်လာပါ - အမှတ်ရခြင်းတွေမပြတ်ရှိနေပါတယ်လို့ သရုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်သားကလည်း ပိုတန်ဖိုးထားလေ့ရှိတယ်လေ။ မ၀ယ်လာဖြစ်ရင်တော့ ငွေကုန်သက်သာတာကလြွဲ့ပီး အကျိုးထူးရှိမှာမဟုတ်။
(၁၄) အလုပ်ထဲကို ဖုန်းထိုးလိုက် - ချစ်သူက အလုပ်လုပ်နေတယ်ဆိုရင် အလုပ်ထဲမှာ သူရှိနေချိန်တစ်ကြိမ် ဖုန်းလှမ်းဆက်ပေးပါ။ လိုတိုရှင်းပြော၊ ကိုယ်လေကြောရှည်နေတာနဲ့ ချစ်သူအလုပ်ပြုတ်သွားနိုင်တာကို ထည့်တွက်ထား။ ကိုယ်ကအလုပ်ခွင်ထဲရောက်နေရင်တောင် ဖုန်းလှမ်းထိုးဖို့ မမေ့ပါနဲ့။
(၁၅) ဗလာချီက - နောက်ခံဂီတသံစဉ်တွေမပါဘဲ ချစ်သူနဲ့ဗလာချီကတဲ့ အကျင့်လည်းရှိရင်ကောင်းပါတယ်။ ပျော်ရွှင်ကြည်နူးမှုတွေကနေ နားလည်မှုတွေရှိလာတတ်လို့ပါ။ နှစ်ယောက်လုံးမကတတ်ရင်တောင် ကတတ်ချင်ဟန်ဆောင်ပြီးကပေါ့။
(၁၆) ထီထိုးပါ - ပေါက်ပေါက်၊ မပေါက်ပေါက်ချစ်သူနဲ့အတူတွဲပြီး အောင်ဘာလေထီပုံမှန်ထိုးပါ။ နှစ်ယောက်အကြားမှာ စိတ်ကူးယဉ်နေမိကြတဲ့ခံစားမှု၊ ယုံကြည်မှုနဲ့ အချစ်တွေ ပိုတိုးပွားလာနေမှာ သေချာတာကြောင့်ပါပဲ။
(၁၇) ပို့စ်ကတ် - E-mail ပို့တာ၊ Chatting ထိုင်တာတွေဘယ်လောက်လုပ်လုပ်၊ အမှတ်တရ ပို့စ်ကတ်လေးတွေ ပို့ပေးတာလောက် အာနိသင်ထိရောက်မှုမရှိပါဘူး။ နည်းပညာဟောင်းကြီးဖြစ်ပေမယ့် ပို့စ်ကတ်က စွမ်းတယ်။
(၁၈) ရုပ်ရှင်ရုံကိုသွားပါ - ချစ်သူနဲ့အတူ ရုပ်ရှင်ကြည့်တာမျိုးကို ရုပ်ရှင်ကုမ္ပဏီတွေကသိပ်ကြိုက်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ကား၊ ကြည့်ချင်တဲ့အချိန်မပြောပါနဲ့။ မမေးပါနဲ့။ သူ့ဘက်က ‘ရုပ်ရှင်ကြည့်ရင်ကောင်းမလားလို့။ ဘယ်နေ့သွားကြမယ်ကွာ’ လို့ပြောရင်အိတ်ထဲပိုက်ဆံအရန်သင့် ရှာဆောင်ထားပေတော့။
(၁၉) သီချင်းတောင်းပါ - ရေဒီယိုစတေရှင်တစ်ခုကိုသွားပြီး ချစ်သူအတွက်တေးလက်ဆောင်ကဏ္ဍကနေ ချစ်သူကြိုက်မယ့်သီချင်းလေးတွေ ထုတ်လွှင့်ပေးဖို့တောင်းဆိုစာရင်းပေးပါ။ ‘သြော် သူ့ခမျာ ဒီလောက်တောင်ပါလား’ လို့ထင်သွားပြီဆိုရင်တော့ ဒန့်တန့်တန့်…တန် ဖြစ်ပြီ။ ရည်ရွယ်သူက ရေဒီယိုနားထောင်လေ့ရှိ၊ မရှိတော့ စုံစမ်းပေါ့လေ။
(၂၀) ယောက္ခမလောင်းကို ဂရုစိုက် - တစ်ခါတစ်ရံချစ်သူထက်တောင် ယောက္ခမလောင်းတွေက ပိုအရေးကြီးပါတယ်။ ကိုယ့်ကိုသူတို့သိသိ၊ မသိသိ ကိုယ့်ဘက်က ဂရုစိုက်ကြောင်း၊ အလေးထားကြောင်း၊ လေးစားကြောင်း တစ်ဆင့်ခံသိထားကြစေဖို့ ဖန်တီးဆောင်ရွက်ပါ။ ချစ်သူရဲ့မွေးနေ့မှာ ယောက္ခမလောင်းတွေဆီ ဂါရ၀လက်ဆောင် ပုံမှန်ပို့ပေးနိုင်ရင်အကောင်းဆုံး၊ ချစ်သူကလည်း ‘ကြည်’ မှာသေချာတယ်။

14 February, 2009
Happy Valentine Day!!!
နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း
နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... တောင်းပန်ပါတယ်
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။
နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်
နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... ထာဝရအချစ်
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်

Subscribe to:
Posts (Atom)