အချစ်ဆိုသည်မှာ ကျွန်ုပ်တို့နှင့် မကင်းရာမကင်းကြောင်းအရာတစ်ခုမဟုတ်။ Essential One ပင်ဖြစ်ပေသည်။ မချစ်တတ်သောယောက်ျား၊ ချစ်တတ်သောယောက်ျား၊ အချစ်ငတ်သောယောက်ျား၊ အချစ်မပြတ်သောယောက်ျားများနှင့် အလားတူမိန်းမများအကြား ချစ်မှုရေးရာပြေလည်ရေးကိစ္စမှာ ယုံကြည်ရပ်တည်ရှင်သန်ရေးတွင် အမှန်တကယ်ပင် အရေးကြီးသော ကိစ္စဖြစ်၏။ နှလုံးငြိမ်မှ အလုပ်ငြိမ်မည်မှာ ဧကန်ပင်ဖြစ်သောကြောင့် ချစ်မှုရေးရာပြေလည်ရေး အလွယ်ဆုံးနည်းလမ်းများအား လေ့လာကြည့်ကြပါကုန်။
(၁) ပန်းပေးပါ - ချစ်ရသူကို နှင်းဆီပန်း ၁၂ ပွင့်စည်းပြီးပေးပါ။ ၁၁ ပွင့်ဟာ အနီရောင်ဖြစ်ပြီး ၁ ပွင့်ဟာ အဖြူရောင်ဖြစ်ပါစေ။ ပန်းစည်းမှာ ကတ်ပြားလေးတစ်ခုချိတ်၊ ကတ်ပြားပေါ်မှာ ဒီလိုရေး ‘နှင်းဆီတွေပေါပါတယ်၊ ဒါပေမဲ့ ကိုယ့်အတွက်တော့ တစ်ပွင့်တည်းရှိတယ်။ အဲဒါမင်းပါပဲ နှင်းဆီဖြူလေးရေ’ ။
(၂) အလင်းရောင်ကိုမေ့လိုက် - တစ်စုံတစ်ရာသောနောက်ဆက်တွဲရလဒ်ကို မျှော်ကိုးချဉ်းကပ်တာမျိုး မလုပ်ပါနဲ့လို့ ဆိုလိုတာဖြစ်ပါတယ်။ သန့်သန့်လေး ဖြစ်ကြောင်း ရှေ့နောက်ကွယ်ရာမရွေး ထင်ရှားဖို့လိုပါတယ်။ ပေသီးမခေါက်ပါနဲ့။
(၃) နာရီတစ်လုံးဝယ်ပေးလိုက် - တန်ဖိုးမြင့်တာ၊ နိမ့်တာအသာထား။ လိုက်ဖက်မယ်ထင်တဲ့ နာရီတစ်လုံးဝယ်ပေးလိုက်ပါ။ တိုင်ကပ်နာရီတော့မဖြစ်စေနဲ့ပေါ့။ နာရီပေးရင်းနဲ့ ‘မင်းအတွက်အချိန်တိုင်းကိုယ်ပါ’ လို့ပြောပေတော့။
(၄) အရင်ရွေးခိုင်းပါ - အတူသွားတဲ့အခါ၊ စားတဲ့အခါ၊ ၀ယ်တဲ့အခါ ဘာမဆိုချစ်သူကို ဦးစားပေးရွေးချယ်ခိုင်းပါ။ ‘ခင်ရွေးပါ၊ မောင်ရွေးပါ’ လုပ်လွန်းအားကြီးရင်တော့ ရွေးခိုင်းကြရင်းနဲ့ ပြဿနာတတ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကပဲ သူ့ကို အရင်ရွေးခိုင်း။ တန်ဖိုးအကြီးဆုံးဆိုတာတွေကို မရွေးလိုက်ပါစေနဲ့လို့လည်းဆုတောင်း။
(၅) ‘အမှတ်တရနေ့’ သတ်မှတ်ထားပါ - ချစ်သူနဲ့ကိုယ့်ကြားမှာ နှစ်ဦးသဘောတူတဲ့ အမှတ်တရအဖြစ်ဆုံးနေ့ရက်ရှိဖို့ ဖန်တီးပါ။ အဲဒီနေ့ရောက်တိုင်းနှစ်ပတ်လည်၊ လပတ်လည် အခမ်းအနားလုပ်ပေးပါ။
(၆) သူ့အလှည့်၊ ကိုယ့်အလှည့် - တစ်ရက်မှာတစ်ခါ သူ့အလှည့်၊ ကိုယ့်အလှည့် အပြန်အလှန် ‘ချစ်ပါတယ်’ လို့ ပြောဖြစ်နေရေးညှိနှုင်းစီမံပါ။ မောင်းမောင်း၊ မမောင်းမောင်း အင်ဂျင်ကိုတော့ပုံမှန်နှိုးပေးရမယ်မဟုတ်လား။
(၇) အသင့်ရှိပါစေ - ချစ်သူအတွက်ဘာမဆို ကူညီပေးဖို့အသင့်ရှိပါစေ။ အသင့်ရှိကြောင်းလည်းသိထားပါစေ။
(၈) တစ်ရက်တစ်ပုဒ် - ချစ်သူဆီကို တစ်ရက်ကဗျာတစ်ပုဒ်၊ ဒါမှမဟုတ် ဥာဏ်စမ်းပုစ္ဆာတစ်ပုဒ်ပို့ပေးပါ။ ကဗျာအမျိုးအစား မရွေးပါနဲ့။ ကိုယ့်လက်ရေးနဲ့တော့ ကူးရေးဖို့လိုပါတယ်။ ဥာဏ်စမ်းပုစ္ဆာပို့မယ်ဆိုရင်လည်း ကိုယ်တိုင်အဖြေရထားတဲ့ပုစ္ဆာ ဖြစ်ပါစေ။ ကိုယ့်အထုပ်ကိုယ်ဖြည်တတ်ဖို့လိုပါတယ်။
(၉) ရှင်းထားပါ - ချစ်ရသူကို နောက်ပိုးစကားပြောတဲ့အခါမှာဖြစ်စေ၊ ချစ်သူနဲ့စကားလက်ဆုံကျရာမှာဖြစ်စေ ကိုယ့်မှာချေးညှော်မရှိအောင်၊ အနံ့အသက်ကင်းအောင်ရှင်းထားဖို့လိုပါတယ်။ မွှေးကြိုင်လွန်းနေအောင် လုပ်ထားရင်လည်း ချစ်သူက ‘ဘရိတ်ဓား’ တစ်စင်းလားလို့ ထင်သွားနိုင်တာကို သတိပြု။
(၁၀) အိုင်ဒီယာတွေပြောပြ - ချစ်သူကို ဘာလုပ်မှာ၊ ဘယ်လိုလုပ်မှာ ဆိုတဲ့ အိုင်ဒီယာတွေပြောပြပါ။ ဒါပေမယ့် ပကတိရိုးသားမှုရှိဖို့လိုပါတယ်။ ‘ကိုယ့်ကိုလျှော့မတွက်နဲ့၊ ပိုလည်းမတွက်နဲ့’ လို့ပြောပြသင့်တယ်။ သူ့ကိုလည်းပြောခိုင်းပါ။
(၁၁) သီချင်းဆိုပြပါ - ချစ်သူချင်း အပြန်အလှန်ရတဲ့ သီချင်းလေးတွေဆိုပြကြဖို့လိုပါတယ်။ ကြည်နူးမှုကနေ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်သတဲ့။ တစ်ခုပဲသတိပြုဖို့လိုပါတယ်။ ချစ်သူက ကြိုက်တာသီချင်းချိုချိုအေးအေး၊ ကိုယ်ဆိုပြတာက အပြင်းစား Rock သီချင်း မဖြစ်ဖို့လိုပါတယ်။
(၁၂) ပြန်ပေးဆွဲပါ - လန့်မသွားပါနဲ့။ ချစ်သူနဲ့အတူ ဟိုဟိုဒီဒီလျှောက်လည်တာမျိုးလုပ်ဖို့ ဆိုလိုတာပါ။ အတူသွား၊ အတူစား အကျင့်လေးတွေမွေးမြူထားမှ တစ်ဦးနဲ့တစ်ဦးအကြား နားလည်မှုတွေ ပိုခိုင်မာတတ်တာကြောင့်ပါပဲ။
(၁၃) ဘယ်ခရီးကိုသွားသွား အပြန်လက်ဆောင်ဝယ်လာပါ - အမှတ်ရခြင်းတွေမပြတ်ရှိနေပါတယ်လို့ သရုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်သားကလည်း ပိုတန်ဖိုးထားလေ့ရှိတယ်လေ။ မ၀ယ်လာဖြစ်ရင်တော့ ငွေကုန်သက်သာတာကလြွဲ့ပီး အကျိုးထူးရှိမှာမဟုတ်။
(၁၄) အလုပ်ထဲကို ဖုန်းထိုးလိုက် - ချစ်သူက အလုပ်လုပ်နေတယ်ဆိုရင် အလုပ်ထဲမှာ သူရှိနေချိန်တစ်ကြိမ် ဖုန်းလှမ်းဆက်ပေးပါ။ လိုတိုရှင်းပြော၊ ကိုယ်လေကြောရှည်နေတာနဲ့ ချစ်သူအလုပ်ပြုတ်သွားနိုင်တာကို ထည့်တွက်ထား။ ကိုယ်ကအလုပ်ခွင်ထဲရောက်နေရင်တောင် ဖုန်းလှမ်းထိုးဖို့ မမေ့ပါနဲ့။
(၁၅) ဗလာချီက - နောက်ခံဂီတသံစဉ်တွေမပါဘဲ ချစ်သူနဲ့ဗလာချီကတဲ့ အကျင့်လည်းရှိရင်ကောင်းပါတယ်။ ပျော်ရွှင်ကြည်နူးမှုတွေကနေ နားလည်မှုတွေရှိလာတတ်လို့ပါ။ နှစ်ယောက်လုံးမကတတ်ရင်တောင် ကတတ်ချင်ဟန်ဆောင်ပြီးကပေါ့။
(၁၆) ထီထိုးပါ - ပေါက်ပေါက်၊ မပေါက်ပေါက်ချစ်သူနဲ့အတူတွဲပြီး အောင်ဘာလေထီပုံမှန်ထိုးပါ။ နှစ်ယောက်အကြားမှာ စိတ်ကူးယဉ်နေမိကြတဲ့ခံစားမှု၊ ယုံကြည်မှုနဲ့ အချစ်တွေ ပိုတိုးပွားလာနေမှာ သေချာတာကြောင့်ပါပဲ။
(၁၇) ပို့စ်ကတ် - E-mail ပို့တာ၊ Chatting ထိုင်တာတွေဘယ်လောက်လုပ်လုပ်၊ အမှတ်တရ ပို့စ်ကတ်လေးတွေ ပို့ပေးတာလောက် အာနိသင်ထိရောက်မှုမရှိပါဘူး။ နည်းပညာဟောင်းကြီးဖြစ်ပေမယ့် ပို့စ်ကတ်က စွမ်းတယ်။
(၁၈) ရုပ်ရှင်ရုံကိုသွားပါ - ချစ်သူနဲ့အတူ ရုပ်ရှင်ကြည့်တာမျိုးကို ရုပ်ရှင်ကုမ္ပဏီတွေကသိပ်ကြိုက်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ကား၊ ကြည့်ချင်တဲ့အချိန်မပြောပါနဲ့။ မမေးပါနဲ့။ သူ့ဘက်က ‘ရုပ်ရှင်ကြည့်ရင်ကောင်းမလားလို့။ ဘယ်နေ့သွားကြမယ်ကွာ’ လို့ပြောရင်အိတ်ထဲပိုက်ဆံအရန်သင့် ရှာဆောင်ထားပေတော့။
(၁၉) သီချင်းတောင်းပါ - ရေဒီယိုစတေရှင်တစ်ခုကိုသွားပြီး ချစ်သူအတွက်တေးလက်ဆောင်ကဏ္ဍကနေ ချစ်သူကြိုက်မယ့်သီချင်းလေးတွေ ထုတ်လွှင့်ပေးဖို့တောင်းဆိုစာရင်းပေးပါ။ ‘သြော် သူ့ခမျာ ဒီလောက်တောင်ပါလား’ လို့ထင်သွားပြီဆိုရင်တော့ ဒန့်တန့်တန့်…တန် ဖြစ်ပြီ။ ရည်ရွယ်သူက ရေဒီယိုနားထောင်လေ့ရှိ၊ မရှိတော့ စုံစမ်းပေါ့လေ။
(၂၀) ယောက္ခမလောင်းကို ဂရုစိုက် - တစ်ခါတစ်ရံချစ်သူထက်တောင် ယောက္ခမလောင်းတွေက ပိုအရေးကြီးပါတယ်။ ကိုယ့်ကိုသူတို့သိသိ၊ မသိသိ ကိုယ့်ဘက်က ဂရုစိုက်ကြောင်း၊ အလေးထားကြောင်း၊ လေးစားကြောင်း တစ်ဆင့်ခံသိထားကြစေဖို့ ဖန်တီးဆောင်ရွက်ပါ။ ချစ်သူရဲ့မွေးနေ့မှာ ယောက္ခမလောင်းတွေဆီ ဂါရ၀လက်ဆောင် ပုံမှန်ပို့ပေးနိုင်ရင်အကောင်းဆုံး၊ ချစ်သူကလည်း ‘ကြည်’ မှာသေချာတယ်။
>>> The Voice Weekly <<<

2 comments:
ဒီနည်းတွေကို စမ်းသပ်ရမယ်
တော်တော်ကောင်းတဲ့ နည်းလမ်းတွေပဲ......... :)
Post a Comment