11 January, 2010

ရေပရောဂျက်

သဲကန္တာရအလယ်ရှိ ရေတွင်းတစ်ခုအတွင်းမှ ရေများပုံမှန်ခိုးယူခံနေရသည့် သတင်းကြောင့် ယင်းအမှုမျိုး ထပ်မံမဖြစ်ပွားရေးပါလီမန်၌ အစည်းအဝေးပြုလုပ်သည်။

"အခိုးခံရသည့်အချိန်မှာ ညဘက်ဖြစ်နိုင်သည်။ ယင်းရေတွင်းကို စောင့်ရှောက်ရေး ညစောင့်ဝန်ထမ်းတစ်ဦး အမြန်ဆုံးခန့်ထားရမည်" ဟူသော ဆုံးဖြတ်ချက်ထွက်လာ၏။

နောက်တစ်ပတ်အကြာတွင် ညစောင့်အားလုပ်ငန်းခွင်ညွှန်ကြားချက် ပုံမှန်ပေးရန် လူလိုသည်ဟု စည်းဝေးဆုံးဖြတ်ကြ၏။ စီမံကိန်းရေးဆွဲရေးဋ္ဌာနခွဲတစ်ခု ဖွဲ့စည်း၍ ဝန်ထမ်းသစ်နှစ်ဦး ထပ်ခန့်လိုက်သည်။

နောက်ငါးရက်အကြာ၌ ညစောင့်နှင့် စီမံကိန်းရေးဆွဲရေးဋ္ဌာနဝန်ထမ်းနှစ်ဦး ပုံမှန်အလုပ် လုပ်ခြင်းရှိ မရှိ စောင့်ကြည့်ရန်လိုအပ်သည်ဟု ပါလီမန်အမတ်များ စည်းဝေးဆုံးဖြတ်ကာ အရည်အသွေး ထိန်းသိမ်းရေးဋ္ဌာနစိတ်တစ်ခု ဖွဲ့စည်းစေပြီး ဝန်ထမ်းနှစ်ဦး ထပ်ခန့်ပြန်၏။ တစ်ဦးမှာ လုပ်ငန်းခွင်ကို စောင့်ကြည့်ရန်ဖြစ်ပြီး ကျန်တစ်ဦးမှာ အစီရင်ခံစာပြုစုတင်ပြရန်အတွက်ဖြစ်သည်။

နောက်သုံးရက်အကြာတွင် ယင်းဝန်ထမ်းအားလုံးကို လစာနှင့် အသုံးစရိတ်ထုတ်ပေးနိုင်ရန် ဘတ်ဂျက်ဋ္ဌာနစိတ် အသစ်ထပ်မံဖွဲ့စည်းစေပြီး ငွေထုတ်သူအရာရှိတစ်ဦးနှင့် အချိန်မှတ်ဝန်ထမ်းတစ်ဦး ခန့်ထားလိုက်ပြန်၏။

နောက်တစ်ရက်အကြာတွင် ငွေကြေးကိစ္စများရှိနေပြီဖြစ်၍ စာရင်းစစ်ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့လိုသည်ဟု ပါလီမန်အမတ်များ ဆုံးဖြတ်ပြီး စာရင်းစစ်ဝန်ထမ်းသုံးဦး ထပ်ခန့်လိုက်၏။

တစ်လပြည့်သောအခါ အဆိုပါလုပ်ငန်းစဉ်တစ်ခုလုံးအတွက် ရက် ၃၀ အတွင်း ဘတ်ဂျက်ဒေါ်လာ ၂၀၀၀၀ သုံးစွဲလိုက်ရကြောင်း ပါလီမန်အမတ်များ စိစစ်တွေ့ရှိပြီး ဝန်ထမ်းအင်အားလျှော့ရန် ဆုံးဖြတ်ကာ ညစောင့်ကို ဝန်ထမ်းအဖြစ်မှ ရပ်စဲလိုက်သည်။

ပါလီမန်ရွေးကောက်ပွဲကျင်းပသောအခါ အဆိုပါအမတ်များကို မဲပေးသူ မရှိတော့ပေ။


>>> The Voice Weekly <<<

0 comments: