09 October, 2011
လူနှင့် သူ၏ပထမဆန္ဒ
မိမိတစ်ဦးတည်းအေးချမ်းပြီး၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင် မအေးချမ်း၍ အဆင်မပြေ၍ မဖြစ်။ မိမိသည် တစ်ဦးတည်းနေသူမဟုတ်။ မိမိပတ်ဝန်းကျင်နှင့် မိမိမိသားစုနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်ဆံမှုရှိသည်။ ပတ်သက်မှုရှိသည်။ ပထမဆန္ဒ၊ ဒုတိယဆန္ဒ၊ တတိယဆန္ဒပြည့်စုံရုံမျှနှင့် မိမိသည်အေးချမ်းမှုကို မရနိုင်သည်ကို သိကြသည်။ သို့သော် ပထမဆန္ဒကိုဖြည့်ဆည်းနေကြသည်။
ပထမဆန္ဒဖြည့်ဆည်းရန်၊ အသိပညာရှာကြသည်။ သုတအဖုံဖုံရှာကြသည်။ ဖြည့်ကြသည်။ အသိရှိမှ သုတရှိမှ မိမိအေးချမ်းမည်။ ဤအချက်သည် အဓိကဖြစ်သည်။ အသိကို စာနှင့်လည်း ရှာရသည်။ အတွေ့အကြုံနှင့်လည်း ရှာရသည်။ သုတသည်လည်း ထိုနည်းလည်းကောင်း၊ ပမာအားဖြင့် ဆိုက်ကားနင်းသူသည် ဆိုက်ကားအနင်းသင်ရသည်။ ဆိုက်ကားနှင့်ပတ်သက်သည့်အရာရာ သိရသည်။ ဆိုက်ကားနှင့်ပတ်သက်သည့် အတွေ့အကြုံ သင်ယူရသည်။
မည်သည့်အသိဖြစ်စေ၊ မည်သည့်အတွေ့အကြုံဖြစ်စေ၊ လူတစ်ယောက်အတွက် အလဟဿမဟုတ်ပေ။ ပထမဆန္ဒကို ဖြည့်ဆည်းစဉ်၊ ဒုတိယဆန္ဒလည်း ဖြည့်ဆည်းရာရောက်၏။ တတိယဆန္ဒကို ဖြည့်ဆည်းရန် မိမိ၏ပတ်ဝန်းကျင်ကိုလည်း မိမိနှင့်တစ်သားတည်း သတ်မှတ်ရသည်။ မိမိ၌ရှိသည့်ဆန္ဒမျိုး သူတို့၌လည်း ရှိသည်ကို အစဉ်သတိပြုရသည်။ သို့မှမိမိသည် ပတ်ဝန်းကျင်နှင့် အဆင်ပြေသည်။ မိမိလည်း အကျိုးရှိ၊ သူတို့လည်းစိတ်ချမ်းသာမည်။ အဆင်ပြေကြမည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ဦးတည်းအဆင်ပြေ၍ မဖြစ်နိုင်။ တစ်ဦးတည်း ကောင်းစား၍ မရနိုင်။ မိမိတစ်ဦးတည်း အဆင်ပြေကာ၊ မိမိပတ်ဝန်းကျင်အဆင်မပြေပါက မကြာသောကာလ၌ ပတ်ဝန်းကျင်၏ အဆင်မပြေမှုသည် မိမိထံသို့ကူးစက်လာမည်က သေချာသည်။ သာဓက များစွာရှိပါ၏။
မိမိတစ်ဦးတည်း၏ဆန္ဒ ပြီးပြည့်စုံခြင်းသည် အန္တရာယ်ပင်ဖြစ်သည်ဆိုခြင်းကို သိလာသည့်အချိန်ရောက်မှ မိမိ၏ပတ်ဝန်းကျင်ကိုကြည့်၍ ပြုပြင်မည်ဆိုခြင်းသည် အချိန်နှောင်းသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အန္တရာယ်က မိမိအနားသို့ရောက်နေပြီဖြစ်သည်။ ထိုအန္တရာယ်ဆိုသည်မှာ ပတ်ဝန်းကျင်ကပြုလုပ်သည်မဟုတ်။ မိမိပြုလုပ်ထားသော အန္တရာယ်သာဖြစ်သည်။
လူများအားလုံးသည် ဆန္ဒများကို ဖြည့်တင်းနေခြင်းသာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ ဆန္ဒအားလုံးပြည့်သည်မဟုတ်။ ပထမဆန္ဒနှင့် ဒုတိယဆန္ဒ တစ်ပြိုင်တည်းဖြည့်ရသည့်နည်းသူ အခြားအခြားသော ဆန္ဒများကိုလည်း တစ်ပြိုင်နက်တည်း ဖြည့်ရသည်။ ပမာအားဖြင့် အိုးများစွာကိုဖြည့်သည့်အခါ အိုးတစ်အိုးတည်းမပြည့်နိုင်။ အိုးအားလုံးကို ညီတူဖြည့်ရသည်။
အိုးအားလုံးကို မိမိတစ်ဦးတည်ပိုင်ဟု သတ်မှတ်၍မရ။ အိုးအားလုံးသည် လူအများအတွက်ဖြစ်သည်။ အိုးအားလုံးကို လူအားလုံးက ဝိုင်းဝန်းဖြည့်ခြင်းဖြင့် အိုးအားလုံးသည် တစ်ချိန်၌ တစ်ပြိုင်တည်းပြည့်မည်။ မိမိ၏ဘဝသည် မိမိတစ်ဦးတည်းပိုင်မဟုတ်၊ လူအများနှင့် ပတ်သက်နေ၍ မိမိဘဝအိုးကို မိမိတစ်ဦးတည်းပိုင် သတ်မှတ်၍မရနိုင်။
လူတစ်ဦးချင်း၏ သီးသန့်ဘဝသည် မိမိတစ်ဦးတည်းပိုင် မဟုတ်သည်မှာ သေချာသည့်အထောက်အထားများစွာရှိပါသည်။ ကျိုးကြောင်းပြစရာ ဆင်ခြေများစွာရှိပါသည်။ ဆင်ခြေဆိုသည်မှာ အတွေ့အကြုံမှရရှိသည့်အရာဖြစ်သည်။ ထိုအတွေ့အကြုံသည် လူအားလုံး၌ရှိသည်။ မိမိ၏အတွေ့အကြုံသည်သာမှန်သည်။ အခြားလူများ၏ အတွေ့အကြုံကိုလည်း အသိအမှတ်ပြုရမည်။ မှန်လည်းမှန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ဘဝသည်လည်း မိမိနှင့်ပတ်သက် ဆက်နွယ်နေ၍ဖြစ်သည်။
လူအားလုံးသည် မိမိတို့၏ တစ်ဦးချင်းဘဝများကို အေးချမ်းလိုသည့် ပထမဆန္ဒမှ ဆက်နွယ်၍ ဆန္ဒများစွာရှိသည်။ အမည်အားဖြင့်သာ ကွဲပြားနေသည်။ ဆန္ဒသည် တစ်ခုတည်းသာဖြစ်သည်။ ထိုဆန္ဒကား လောကတစ်ခုလုံးအေးချမ်းလိုမှုသာဖြစ်ပါ၏။
လောကတစ်ခုလုံး အေးချမ်းရန်၊ မိမိတို့၏ ပထမဆန္ဒကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပါက အဖြေတစ်ခုလာမည်ဖြစ်သည်။ ထိုအဖြေကား မိမိကိုယ်မိမိ ပြုပြင်ရန်သာ…။
မောင်ဈေးကွက် (ဈေးကွက်ဂျာနယ်)
08 October, 2011
မျက်နှာမှာ စကား လက်ဖျားမှာ ခံစားမှု
စကားလုံးများသည် တစ်ဦးတစ်ယောက်၏ စိတ်အခြေအနေကို ဖော်ပြသည်ဟု သာမန်ပြော၍ မရပေ။ စိတ်အခြေအနေကို ထုတ်ဖော်ရာတွင် အခြားအရာများလည်း ပါဝင်နေသေးသည်။ ကိုယ်အမူအရာ၊ မျက်နှာအမှုအရာ၊ အမူအကျင့်များသည် စိတ်အခြေအနေကို တစ်နည်းတစ်ဖုံ ဖော်ပြတတ်သည်။ စကားလုံးများထက်ပို၍ အဓိပ္ပာယ်လေးနက်၏။
အမူအရာ၊ အမူအကျင့်သည် တစ်ဦးတစ်ယောက်၏ အတွင်းစိတ်ကို လုံးဝဖော်ဆောင်သည်ဟုလည်း အပြည့်အဝပြော၍မရပေ။ တစ်ဝက်ဖော်ထုတ်ကာ တစ်ဝက်က သိုဝှက်ထားတတ်သေး၏။ သို့သော် အမူအကျင့် အမူအရာဖြင့် တစ်ဦးတစ်ယောက်၏ ဗီဇစိတ်အတွင်းဓာတ်ကို ရိပ်မိသိရှိနိုင်သည်။ စကားလုံးနှင့်မဟုတ်ဘဲ လက္ခဏာ၊ သင်္ကေတနှင့် သိရခြင်းဖြစ်သည်။
သည်းခံတတ်သောသူနှင့် သည်းခံမှုကို အလေ့အကျင့်ပြုလုပ်ထားသူနှစ်ဦးသည် လုံးဝမတူသည့်အပြင် အရှေ့နှင့်အနောက်ပမာ သီးခြားဖြစ်၏။ သည်းခံနိုင်ခြင်းကို ရင်ဝယ်ပိုက်ထားသူ၏ အမူအရာ၌ သည်းခံခြင်းနောက်ကွယ်၌ မည်သည့်အရာမျှမရှိ၊ သူ့သဏ္ဌာန်ကိုယ်တိုင်က တည်ငြိမ်အေးချမ်းနေ၏။ သည်းခံမှုကို အလေ့အကျင့်လုပ်ထားသူကား သည်းခံနေရသော်လည်း သူ့အမူအရာ၌ မတတ်သာ၍၊ အားမတန်၍၊ တစ်ချိန်၌တန်ပြန်လိုသည့် အမူအရာများတွေ့ရနိုင်သည်၊
တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု၌ မူလအခြေခံသည် စကားမဟုတ်ဘဲ၊ အမူအရာသာဖြစ်သည်ဆိုလျှင် တွေးဆစရာပင်ဖြစ်ပါ၏။ ဝမ်းသာခြင်းနှင့် ကျေနပ်ခြင်းသည် စကားလုံးအဓိပ္ပာယ်တူ၏။ အမူအရာ၌ သိသာစွာကွာခြားသည်ကို တွေ့ရပေမည်။ ခံစားမှု အမူအရာနေရာ၌ စကားလုံးများက အစားထိုးထားခြင်းသာဖြစ်ပါ၏။
ဆက်ဆံမှု၌ အသုံးပြုသော အချို့စကားလုံးများသည် တာဝန်အရ အသုံးပြုသည့်အခါလည်း ရှိတတ်သည်။ တစ်ဘက်က တာဝန်အရပြောသည်ကို အခြားတစ်ဘက်ကလည်း တာဝန်အရ ပြောမှန်းသိကြသည်။ ထိုသို့သိသည့်အခါ အဆိုပါစကားလုံးများကို အလေးမထား။ မေ့ပစ်တတ်ကြသည်။ စကားလုံးများနောက်ကွယ်၌ တာဝန်ဆိုသောအရာက ရှိနေပြန်သည်။
စိတ်ဆိုး ဒေါသထွက်စရာမလိုဘဲလျက်၊ စကားလုံးဖြင့် ဒေါသထွက်သည်။ ဒေါသထွက်စရာဖြစ်ရပ်အတွက် စကားလုံးကိုလျှော့၍ အသုံးပြုသည့်အခါလည်းရှိသည်။ ဒေါသစကားလုံးနောက်ကွယ်မှ တာဝန်ဆိုသည့်အရာကိုသိသည့်အခါ၊ နားထောင်သူတို့ကလည်း တာဝန်အရ နားထောင်ကြသည်။ ဆက်ဆံရေးသည် ရှုပ်ထွေးတတ်၏။
သိသာသော ဖြစ်ရပ်တစ်ခုရှိပါသည်။ တရုတ်နိုင်ငံကို ကုလသမဂ္ဂသို့ ဝင်ခွင့်ပြုသည့်အခါ အမေရိကန်နိုင်ငံမှ ဝါရင့်သက်တမ်းရှည်အမတ် မိုက်မင်းဖိစ်က အလွန်စိတ်ဆိုးဒေါသထွက်သည့်ဟန်နှင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ဌာနချုပ်ကို အမေရိကန်နိုင်ငံမှ ရွှေ့ပေးရမည်ဟု တောင်းဆိုသည်။ သူကဲ့သို့ ပုဂ္ဂိုလ်ကြီးက ထိုစကားမျိုးပြော၍ လူအတော်များများက အံ့အားသင့်ကြသည်။ တာဝန်အရ သူပြောခြင်းဖြစ်သည်။
လွှတ်တော်အမတ် တစ်ယောက်အနေနှင့် သူ့အားမဲပေးထားသော မဲဆန္ဒရှင်များ၏ ဆန္ဒကို သိသာစွာ ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်သည်။ မဲဆန္ဒရှင်များကလည်း ကျေနပ်သည်။ သူလည်းတာဝန်ကျေသည်။ ထိုစကားအပေါ် တရုတ်တို့ကလည်း စိတ်မဆိုးဒေါသမထွက်၊ မည်သူကမျှလည်း ယင်းကိစ္စကို အလေးတယူမဆောင်ရွက်။ တာဝန်အရပြောခြင်းသာဖြစ်ကြောင်းကို သိထားကြ၍ဖြစ်သည်။
အချို့သော ဆက်ဆံမှု၌ ဟန်ဆောင်စကားများတွင်တွင်ကြားရသည်။ ထပ်တလဲလဲ ပြောသည့်သူကလည်းပြောသည်။ ကြားသည့်သူတို့ကလည်းကြားသည်။ အမှန်၌ ထိုဟန်ဆောင်စကားပြောသူသည် နားထောင်နေသူကို ပြောခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ ယုံသည်ထက်ယုံစေရန် ထပ်တလဲလဲ သတိပေးနေခြင်းသာဖြစ်သည်။ အံ့သြစရာကောင်းသော သူများဖြစ်သည်။
စကားလုံးကို အသုံးပြု၍ ဆက်ဆံသည့်နေရာ၌ စကားလုံးသည် အဓိကမကျ၊ စကားလုံးများ၏ နောက်ကွယ်၌ တစ်စုံတရာရှိနေတတ်သည်။ ထိုတစ်စုံတရာကို သိခြင်း၊ သဘောပေါက်ရန်၊ ထိုသူ၏ အမူအရာကို ကြည့်လျှင်ပင်သိနိုင်ပါ၏။ ထိုသို့သော သူများကား လက်ညှိုးထိုး မလွဲနိုင်ပေ။
>>> မောင်ဈေးကွက် (ဈေးကွက်ဂျာနယ်) <<<
07 October, 2011
တိုးတက်လာသော မြန်မာ့ ဘန်းစကားများ
*ဂါ / ဘွတ်စမံ / ဂျွတ် / ပျားတုပ် / လန်း / ဖလမ်းဖလမ်း / ဂိ / ညောင်း / ဂျင်းထည့် / ဖောင်း / ပိန်း / ဖလာကြိတ် / ကုန်းဆင်း / အရောက်ပို့ / ရှော် / နားကား / ရှော့ / ကျော / ဘီးဂျဲ / ငုတ်တုတ်မေ့ / ဂန့် /ဘူ / ကျွတ်ဆင် / ပွေး / ဖောရှော / အီစီကလီ / လန်ထွက် / ဖု / ကြူ / ရေလျှံ / တင်း / ပြဲ / အိုင်စီလွတ် / ဂေါက် / အမ်း / ဂိုက်ပေးကြမ်း / တိုင်ပတ် / ဗျင်း / ခိုက် / ၉လောက်ရှိ / ထု / ငြိ / ဖွန်ကြောင် / ကျ / ကိုဝင်းကြည် / စတေးရှောင် / ကျွေး / ကြုံး / မျိုးကန်း / ဥ*
ကျော်ကျော်သည် *ဂိုက်ပေးကြမ်း* သော လူ *ပွေး* တစ်ယောက်ဖြစ်သည်။ မူမူသည် *ရေလျှံ* သည့်အပြင် *လန်ထွက်* နေသော သူဋ္ဌေးသမီး တစ်ဦးဖြစ်သည်။ စတိတ်ရှိုး တစ်ခုတွင် *ဖလမ်းဖလမ်း* ထနေသော မူမူကို ကျော်ကျော် *ခိုက်* သွားပြီး *ငုတ်တုတ်မေ့* သွားသည်။
ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်းအစ်မကြီး တစ်ဦးထံမှ *ကျော်* ထားသောဖုန်းဖြင့် မူမူကို *ကြူ* တော့သည်။ မူမူကလဲ သူငယ်ချင်းများက *အရောက်ပို့* သောကြောင့် ကျော်ကျော်ကို *အီစီကလီ* ပြန်၍ *ထု* သည်။ ကျော်ကျော်၏ *ဖောရှော* ကောင်းမှုကြောင့် မူမူသည် ကျော်ကျော်ကို *ငြိ* သွားသည်။
ကျော်ကျော်၏ *ဖွန်ကြောင်* ချက်မှာ *၉ လောက်ရှိ* သဖြင့် နောက်ဆုံးတွင် မူမူ *ကျ* သွားသည်။ ချစ်သူတို့သဘာဝ ကျော်ကျော်က မူမူကို *ဘွတ်စမံ* ကျွေးသည်။ မူမူမှာ မစားဖူးသောကြောင့် *နားကား* သွားသည်။ လိုတာထက်ပိုကျွေးမိသော ကျော်ကျော်လဲ *ဂိ* သွားသည်။
သို့ဖြင့် မူမူမှာ *ကိုဝင်းကြည်* ရရှိလာသောအခါ လက်ထပ်ဖို့ အစီအစဉ်မရှိသော ကျော်ကျော်မှာ *တိုင်ပတ်* တော့သည်။ မိမိကို *ဖောင်း* လာသော ကျော်ကျော်ကို မူမူက *တင်း* သွားပြီး သူမ *အမ်း* ထားသမျှကို ပြန်ပြီးတောင်း၏။ တစ်ချိန်က *ဖလာကြိတ်* ၍ *ကုန်းဆင်း* ခဲ့သော ကျော်ကျော်မှာ မူမူကို *ရှော်* ချင်သောကြောင့် *အိုင်စီ* လွတ်ပြီး *ဂေါက်* ချင်ဟန်ဆောင်လေသည်။
ထိုကိစ္စကို *ဘီးဂျဲ* ကြီးဖြစ်နေပြီဖြစ်သော မူမူ၏ အဖေကြီးကသိသွားသည်။ သမီးဖြစ်သူကို *ဂျင်းထည့်* ခံရသဖြင့် အဖေကြီး *ပျားတုပ်* သွားသည်။ မွေးထားသည့် တပည့်များကို *ပြဲ* သည်အထိ တိုက်ပြီးလျှင် ကျော်ကျော်ကို *ဂန့်* သည်အထိ *ကျွေး* ရန်ညွန်ကြားသည်။ ကျော်ကျော်လဲအဖေကြီးကို *ဂျွတ်* သွားပြီး သူတို့နှင့် ဝေးရာကို *စတေးရှောင်* တော့သည်။ အဖေကြီး၏ တပည့်များမှာ *ပိန်း* သောကြောင့် ကျော်ကျော်ကို *ဗျင်း* ချင်သော်လဲ ရှာလို့မတွေ့ကြချေ။
သို့သော်အဖေကြီး၏ ရှာဖွေမှုမှာ *ကျွတ်ဆင်* ကြီးဖြစ်သောကြောင့် နောက်ဆုံးတွင် ကျော်ကျော် *ညောင်း* သွားသည့်နေရာကို သိသွားတော့သည်။ တပည့်များက တစ်ယောက်တစ်ချက် ဝိုင်း *ကြုံး* လျှင်တောင် *ရှော့* တက်ပြီး *ရှော* သွားနိုင်သဖြင့် ကျော်ကျော်မှာ အဖေကြီးကို *ဂါ* လိုက်ရတော့သည်။ ကျော်ကျော်ကို *ဖု* နေသော်လည်း အဖေကြီးသည် ကလေးမျက်နှာကိုထောက်၍ မျက်နှာအ *ဘူ* ကြီးဖြင့် ကျော်ကျော်ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ ကံကောင်း၍ ကျော်ကျော် *မျိုးကန်း* မည့်ကိစ္စမှ လွတ်မြောက်သွားပြီး နောက်ထပ် ထွက်ပြေးမည့် အစီအစဉ်ကို *ဥ* ထားလိုက်တော့သည်။
>>> Forward Mail <<<
04 October, 2011
ခေတ်ပေါ် မြန်မာအီဒီယမ် စကားလုံးများ
ကျွတ်တယ် = ကြောက်တယ်။ လန့်တယ်။
ကျွေးလိုက်ရ = ချလိုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။
ကြီးပေါ = ကြီးမှပေါသောသူ။
ကီးလိုက်ရ = ကုန်းတိုက်ပေးလိုက်ရ။ ချောက်တွန်းပေးလိုက်ရ။
ကက = (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ။ (စကားချပ်)
ကြောင်းသည် = လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ - ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်)
ကြူသည် = အီစီကလီ ပြောသည်။
ကူလီကူမာ = မကောင်းကြံစည်ခြင်း။
ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက်ခရောက်အောင်လုပ်သည်။ (ဥပမာ - ငါဟိုကောင်ကို နဲနဲကြပ်ပေးလိုက်ဦးမယ်)
ကျွတ်ကျဲ = ကြောက်လန့်သွားခြင်း။ အသံကြားရုံမျှနှင့် ကြောက်လန့်သွားခြင်း (မောင်မောင်၏ ဗလကိုမြင်ရသောအခါ မမမှာ ကျွတ်ကျဲသွားလေတော့သည် (မည်သို့ကြောင့်မှန်း မောင်နတ် မသိ)
ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။ (အေ..ဘယ်ရမလဲ ငါဒင်းကို ကလော်တုတ်ပစ်လိုက်တာပေါ့.. ဟင်း)
ကလိန်ကကျစ် = သူတစ်ပါး ဒုက္ခရောက်အောင် လိမ်လည်သည်။ လှည့်ဖျားသည်။ (ဟိုမှာလေ ဟိုချက်ရွန်းထဲမှာ ဟိုကောင် ကလိန်ကကျစ်တွေ လုပ်နေပြန်ပြီ ဟိုကောင်မလေးတော့ ဟိုဒင်းဖြစ်တော့မယ်)
ကြွက် = ဟိုလူတွေလေ။
ကျွဲ = သင်္ဘောသားလောကမှ ကပ္ပလီမလေးများကို ခေါ်သောနာမည်။
ကြောင်တောင်နှိုက် = ပိုင်ရှင်ရှိသော ပစ္စည်းကိုယူခြင်း။ ယူသောသူ။ (တောက်.. ဟိုကောင်ငါ့ရည်းစားကို ကြောင်တောင်နှိုက်သွားလေ ခြင်း (မျက်ရည်စက်ကလေးများနှင့်) )
ကြားကားဆွဲ = သူတစ်ပါးရည်းစားကို ဖြတ်ခုတ်သည်။
ကလေကချေ = အပေအတေကောင်။
ခ
ခိုက်သည် = ကြိုက်သည် (ဥပမာ - မောင်နတ် ဟို စာအရမ်းရေးတဲ့ ကောင်မလေးကို ခိုက်နေတယ်)
ချီးပေါက်သည် = ပစိပစပ်များသည်။
ချီးထုတ်ပဲ = အရှုပ်ထုတ်တွေပဲ။
ချီးကြီးသည် = ကြီးကျယ်သည်။ ဘဝင်မြင့်သည်။
ခေါက်ထားလိုက်ပါ = အေးအေးဆေးဆေးထားလိုက်ပါ။
ခိုကြီး = ရေသာခိုလွန်းသောသူ။
ခေါင်း = ပြည့်တန်ဆာမှု လုပ်စားသူခေါင်းဆောင်။
ဂ
ဂေါက်သီး = ကြောင်နေ ဂေါက်နေသောသူ။
ဂျီပုန်း = အခြောက်။ (ပုန်းနေသော ဂျီကလေး ဟု အဓိပ္ပါယ်ရ၏။ ထပ်ကာအနက် မဖွင့်ပါရစေနှင့်တော့)
ဂေါ်လီ = ခေတ်မီသော ခေတ်ဆန်သော ဆိုရှယ်ကျသောသူ။ (ဥပမာ - ဟိုကောင်မလေးကတော့ ဂေါ်လီပဲ)
ဂွင် = အခွင့်အရေး။ (ဒါကတော့ တကယ့် ဂွင်ပဲကွာ)
င
ငဝိုင်း = ငဝက် = ပိုက်ဆံ (လက်ညှိုးနှင့် လက်မကို ကွင်းပြသည်)
ငလောင် = သူများတစ်ကာကို လူပုံအလယ် အရှက်ကွဲလောက်အောင် နောက်ပြောင်တတ်သူ။
ငပွေး = နေရာတကာ ပါသောလူငယ်။
စ
စော် = ကောင်မလေး (လူငယ်အချင်းချင်း သုံးသောစကား)
စရိုက်ပဲ = အပေအတေကောင်ပဲ။
ဆ
ဆားပုလင်း = အိမ်ဖော်။ အိမ်စေ။
ဆားပုလင်းနှင်းမောင် = ကိုယ့်အိမ်က အိမ်ဖော်ကို ပြန်ကြံသူကြီး။ (မင်းသိင်္ခတော့ ရင်ကျိုးတော့မှာဘဲ .. တတ်နိုင်ဘူး ပြောနေကြတာကို)
ဆတ်ဆလူး = နန့်သည် နှင့် အတူတူပင်။
ဇ
ဇယား = အရှုပ်ထုတ်။ ကောင်မလေး။ (သုံးစွဲသူကို လိုက်ကာ၊ အချိန်ကိုလိုက်ကာ ကွာ၏)
ဉာဏ်တိမ်တယ် = အတွေးအခေါ် ညံ့ခြင်း စဉ်းစားဉာဏ် မရှိခြင်း။
တ
တေတယ်ကွာ = ရုပ်ဆိုးတယ်။ စုတ်ပြတ်တယ်။
တင်းတယ် = စိတ်ဆိုးတယ်။
ထ
ထမင်းစားပြီး ချီးမပါ = ဝသောသူများကို ခေါ်၏။
ထိတယ်ကွာ = ချက်ကောင်းကို ထိသည်။
ဒ
ဒူတယ်ကွာ = အတော်ထုံအခြင်းကို ကိုယ်စားပြု၏။
ဓ
ဓါတ်ကြိုး = အန္တရာယ်ပေးနိုင်တဲ့သူ။ (အဲဒီမိန်းခလေးကတော့ ဓါတ်ကြိုးပဲ)
ဓါတ်တိုင်သေးပန်း = ကြုံရာလုပ်တတ်တဲ့ကောင်။ အခြေအမြစ်မရှိတဲ့ကောင်။
ဓါတ်ကျသည် = စိတ်ဓါတ်ကျသည်။
န
နလပိန်းတုန်း = ဘာမှမသိတဲ့ကောင်။ အသိဉာဏ် မရှိတဲ့ကောင်။
နွားပလာတာကျွေး = အသိဉာဏ် မရှိသောသူကို ပြောနေ သင်နေရခြင်း။
နံ့ = နန့်နန့်တက်သည်။ ဆတ်ဆလူးခါသည်။ (ဥပမာ မပေးတော့ပါ)
နားကားသည် = ပြဿနာတတ်သည်။
နင်တယ် = ပြန်မပြောနိုင်လောက်အောင် ခံစားရခက်သွားသည်။ (တောက်.. နင်တယ်ကွာ (မခံချည့် မခံသာ မျက်နှာပေးလေးနှင့်))
နောက်မီးလင်း = တိတ်တိတ်ပုန်း မိန်းမ၊ ယောက်ျား ရှိနေခြင်း။
ပ
ပိန်းတယ် = တုံးတယ်။ အတယ်။ ထူတယ်။
ပေါက်တူး = သွားခေါနေသောသူ။
ပေခေါက်တယ် = ကပ်စီးနဲသည်။ စီးပွားရှာသည်။ ကတ်သည်။ (ဥပမာ - ဟိုကုမ္ပဏီက အက်ဒမင်ကြီးပေါ့ သိပ်ပေခေါက်တယ်)
ပဲများ = ဟန်ပန်အမူအယာ များသည်။ (ပဲအလွန်များလျှင် သောက်ရမ်းနှင့် တွဲသုံးပါ။ သောက်ရမ်းပဲများ၏)
ပွားသည် = စကားများသည်။
ပိုက်ဘောမိ = သူများရည်းစား ကိုယ်နဲ့ ယူယူပြီးချင်း မျက်နှာမြင်ခြင်းဟု အနက်ယူ။
ပလီစိ ချောက်ချက် = (ပုတီးစေ့ ချောက်ချက်မှ လာသည်ဟု မောင်နတ် ထင်မိ၏။) ပုတီးစိပ်သောအခါ တခါတရံ မတူညီသော သစ်သား အတိုင်းအဆကြောင့် တစ်လုံးနှင့်တစ်လုံးထိသံမှာ ချောက်ဟုမြည်လိုက် ချက်ဟုမြည်လိုက် ဖြစ်နေတတ်သည်။ ဟိုတစ်မျိုးဒီတစ်မျိုး ပြောခြင်း။
ပစ္စည်း = မကောင်းသော မိန်းခလေး။ ဆေးခြောက် ဘိန်းဘင်း။ (ဟင်းဟင်း ဒီပစ္စည်းလေးက ဘယ်လောက်လဲဗျ ဟင် (ဦးကျောက်လုံး မျက်နှာပေး အသံလေးနှင့်))
ပွကြီး = နေရာတကာ ဝင်ပါတဲ့ကောင်။ (ဘုရင်ကြီးမေး- နတ်ဆိုး မင်းကဖိုရမ်မှာ ပွကြီးလားကွ ဟေ) (နတ်ဆိုးဖြေ- မဟုတ်ရကြောင်းပါဘုရာ့၊ ဘုရာ့တပည့်တော် ဗျူးတီးအန်ဟဲ့တို့ ဘစ်ဇစ်နက်တို့မှာ မပါပါ့ဘုရာ့။ ဒါကြောင့် ဒီဘွဲ့ထူးကို တပည့်တော် လက်မခံပါရစေနဲ့ဘုရာ့။ ပိုပြီး နှံ့စပ် တတ်ကျွမ်း စုံလင် သူများကို သာချီးမြှင့်တော်မူပါ့)
ပတ်ကြမ်းတိုက် = ပြဿနာကြီးကြီးရှာသည်။ (မိန်းမများတွင် အသုံးများ၏)
ပါလေရာလချီး = နေရာတကာ ပါတဲ့ကောင်။
ပေါက်သွားပြီ = နားလည်သွားပြီ (အင်း ငါပေါက်သွားပြီ)
ဖ
ဖို့ရတယ် = ပေးရတယ်။ ကမ်းရတယ်။
ဖောသည် = အပိုစကားပြောသည်။ မဟုတ်တရုတ်ပြောသည်။
ဗ
ဗုံးခွဲ = အတင်းတုတ်သည်။ ဖွသည်။ (ဟင်းဟင်း သိမယ်.. အဲဒီအကြောင်းတွေတော့ ဗုံးပြန်ခွဲ ပစ်လိုက်ဦးမယ် ဟင်းဟင်း)
ဘ
ဘတ်တီးရိုက် = လိမ်သည်။ ညာသည်။
ဘဲဥ = ပရုတ်လုံး = အဖြူကောင် = ယာဉ်ထိန်းရဲ (နေရာဒေသလိုက်ပြီး အခေါ်အဝေါ် ကွဲပြားကြသည်)
ဘဲ = ကောင်လေး။ ရည်းစား ( လူငယ်အချင်းချင်း သုံးသောစကား )
ဘိ = မကောင်းသောနေရာ။ (ခင်ရေ ကိုယ်တော့ ဘိလေးသွားလိုက်ဦးမယ်ဆိုလျှင် ပင်လယ်ကမ်းခြေဟု မထင်လိုက်ပါနှင့် လိုက်မည်ဟုလည်း မပြောလိုက်ပါနှင့်။ ဤကားစကားချပ်)
ဘူသည် = ကံမကောင်းခြင်း။ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း။
ဘိုင်ကျ = သုံးစွဲစရာပင် ပိုက်ဆံမရှိခြင်း။
မ
မျက်စိအစာကျွေး = မိန်းခလေးများကို အငမ်းမရကြည့်ခြင်း။ (ဟဲဟဲ ဒဂုံစင်တာသွားပြီး မျက်စိအစာ သွားကျွေးလိုက်ဦးမယ်)
မိုက်တယ် = လှတယ်၊ ချောတယ်။ (အသံလေးလေးပင်ပင်နှင့် ပြော၏)
မောင်းထု = သတင်းဖြန့်သည် (အထူးသဖြင့် သူများအတင်းအဖျင်း)
ယ
ယပက်လက် = ယိုးဒယားများကို မြန်မာတို့ ခေါ်သောနာမည်။
ရ
ရှဲလ် = သွား (ရန်ဖြစ်တာ ရှဲလ်လေးချောင်း ကျွတ်သွားတယ်)
ရေမီးလင်း = ပိုက်ဆံမရှိခြင်း။ (ဥပမာ – ငါ့မှာ ရေမီးလင်းနေပြီကွာ (ဝမ်းနည်းသော မျက်နှာပေးလေးနှင့်))
ရစ်သည် = ပွစိပွစိပြောခြင်း။ ကိစ္စတစ်ခုကို ထပ်ခါတလဲလဲ ပြောရင်း သူတစ်ပါး စိတ်ညစ်အောင်လုပ်နေခြင်း။
ရွဲသည် = ၉၀-၂၀၀၂ ခုနှစ်များဆီက စကားဖြစ်သည်။ (ရုပ်ဆိုးလွန်းအားကြီးသည်။ ဆိုးလွန်းသည်ဟု အနက်ယူပါရန်)
လ
လန်ထွက်နေတယ် = သူဝတ်တာ စားတာက လန်ထွက်နေတယ်။
လန်းသည်= စိတ်အားတက်ကြွသည်။ (မျိုးကျော့မြိုင်+ ဒိုးလုံး ရဲ့ငါတို့လန်းတဲ့နေ့ သီချင်း)
လှည်းကျိုးထမ်း = တစ်ပါးသူအမှုကို ကိုယ်အပြစ်ခံသည်။ သူတစ်ပါးနှင့်ရသော ကိုယ်ဝန်ကို ကိုယ်နှင့်ယူပြီးမှ မွေးဖွားခြင်း
ဝ
ဝါးတီးဆွဲ = ထမင်းစားသည်။
ေ(သာ)က်ရမ်း(စ) = အလွန်အကျူးတင်စားခြင်း။ (ဥပမာ - သောက်ရမ်းကောင်းတယ်)
သွားလေသလပ်ခံ = လူမြင်တိုင်း ဖြီးပြသောသူ။
သွေးထွက်သွားပြီ = ဒေါသထွက်သွားပြီ။ (တောက် ဒီတစ်ခါတော့ ငါသွေးထွက်သွားပြီ)
သဝေထိုး = လျှောက်သွားသည်။ ဖမ်းလို့မရ။ (ငါ့ရည်းစားလေး ဘယ်တွေ သဝေထိုးနေပါလိမ့်)
သွားချီးယိုးဒယားက = မေးချိတ်ကို ပယ်ပယ်နယ်နယ်အထိုးခံရခြင်း။ (ဟိုကောင်သမလိုက်တာ ဟိုကောင် သွားချီးယိုးဒယား ကသွားတယ်)
အ
အမှုပဲ = ပြသနာပဲ။ (ဟာ မင်းကတော့ အမှုပဲကွာ )
အပင်လိမ် = အရာနှစ်မျိုးရောလုပ်သူ။ (အရက် နှစ်မျိုးရောသောက်ခြင်း)
အီစီကလီ = သူငယ်ချင်းမက သမီးရည်းစားမကျ။
အိုင်စီ = ဦးနှောက် သိပ်မကောင်းတဲ့သူ (မင်းကတော့ အိုင်စီပဲ) (အိုင်စီဆိုသည်မှာ စက်ပစ္စည်းများတွင် ဦးနှောက်လို့ သဘောထား၏)
အကောင် = အကောင်။
အာရုံရ = ထင်မြင်သည်။ ယူဆသည်။
အိတ်ဇယ်လ် = ဇယား = အရှုပ်အထွေးများတဲ့ကောင်၊ မိန်းခလေး။
အကိတ်ကြီး = ကိုယ်ကာယ ထွားကျိုင်းသူများကို ထိုသို့ခေါ်၏။
အားပေး = စားမယ်။ သောက်မယ်။ တစ်ခုခုလုပ်မယ်။ (ဒီည ဒင်နာကျရင် ငါသွား အားပေးလိုက်ဦးမယ်)
အမုန်းဆွဲ = အသားကုန် လုပ်သည်။ စားသည် (ဉာဏ်ရှိသလို ရေလဲသုံးပါ)
>>> Forward Mail <<<
မြန်မာပြည်တွင်လုပ်သည်... (Made in Myanmar)
မြန်မာ့နည်း မြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး... ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။
ငယ်ကတည်းက ဓန မဂ္ဂဇင်း မှာ ပဲ နဲ့ ခဲ (ဂဲဟုအသံထွက်သည်။) (စင်ကာပူရောက်မြန်မာကလေးများ ဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ “ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်” ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ ၀ါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း ရောဆဲ ရောလတ္တံ့ လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။
ကြက်သားရေထိုး
နောက်တစ်ခုက ကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက် ငယ်အိပ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေ မကြုံစဖူးအတုခိုးခံလိုက်ရတဲ့ နည်းလမ်းလို့သိရတယ်။ မြန်မာအိမ်ရှင်မတွေအိမ်မှာ ကြက်သားကို ရေထည့်ပြုတ်စရာမလိုအောင် စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။ မြန်မာပြည်တွင်လုပ်သည်။
ပုစွန်ထုပ်ခေါင်းထဲခဲထည့်
နောက်တစ်ခုက ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့ အသံမထွက်ဘူး။ ခဲပဲ။
“ခဲလေသမျှ သဲရေကျ” က ခဲကို ခဲလို့ အသံထွက်တယ်။ ပုစွန်ထုပ်တွေက အမေကျော်ဒွေးတော်လွမ်းပြီး... အိတ်စပို့စ်နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားလေတော့... မြန်မာပြည်သူပြည်သားတွေအတွက် အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။
အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေးဘာလေးထည့်ပေးတယ်။ အင်မတန်မှစေတနာကောင်းတဲ့ တို့လူမျိုးပါတကား။
ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့ နို့ဆီ
တကမ္ဘာလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။ လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဥာဏ်တော် ထက်မြက်တော်မူတဲ့ငနဲတွေက နို့ဆီကို ဓာတုဗေဒနည်းတွေသုံးပြီး ခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။ မြန်မာပြည်တွင်လုပ်သည်။
ပါရာစီတမောသွေးဆေး
တွေးကြည့်ရင်းနဲ့ တရုတ်နိုင်ငံမှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့ တို့နိုင်ငံသားတွေက ပျင်းတောင်ပျင်းသေးတယ်လို့ ပြောလိမ့်မယ်။ မြန်မာအပူကျဆေးတစ်မျိုးဆိုရင် ပါရာစီတမောကို အမှုန့်ကြိတ်ပြီး မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။ မြန်မာတိုင်းရင်းဆေးအစ ပါရာစီတမောကလို့တောင် အသိအမှတ်ပြုခံရမလိုဖြစ်သွားပါတယ်။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။
ဂီယာတုတ်ထောက် ၊ ကတ်တောက်ကြိုးချည် ၊ ဆပ်ပြာမှုန့် အင်ဂျင်ဝိုင်
မော်တော်ကားမောင်းတတ်တယ်ဆိုတာ မဆန်းပါဘူး။ အတော်လေးလွယ်တာပါပဲ။ ဒါပေမယ့် တကမ္ဘာလုံးက ဒရိုင်ဘာတွေ ဘယ်လောက်တော်တယ်ပြောပြော တုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။
ဆိုးဆေးလှလှ
အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အ၀တ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့ သဒ္ဓါတရားမျိုး မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။ ဖရဲသီးရောင်းရင် ဓားမှာဆေးသကြားသုတ်ထားတဲ့ လူမျိုးလည်း သိပ်များများမရှိလောက်ဘူး။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။
ရွှေညောင်ပင်ကို ကားပြရတယ်
ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာ တက်လိုက်ဆင်းလိုက်မလုပ်ရင် အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို ယုံတာမျိုးလည်း မြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကို ကလေးတွေကိုပဲဖတ်ခိုင်းကြည့် ကိုယ်တို့တွေ အတော်လေးပေါတာ၊ ချာတာ၊ ညံ့တာ၊ သုံးမရတာ အတော်လေးသဘောပေါက်လောက်ပြီ။
စားအုန်းဆီမွှေးမွှေး
တကမ္ဘာလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့ စားအုန်းဆီကို ပေါပေါလောလော ရောင်းပေးတာမျိုးကိုကြတော့ ကွက်လပ်ကွက်လပ်ရဲ့ စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။ (ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင် ဘိန်းပြန်စိုက်ရမလားလို့ လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။) ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။ မိတဲ့အခါကြတော့ကွန်တိန်နာနဲ့ကိုမိတယ်။
ExpiryDate ဖြစ်ရင် Label လဲပေးတယ်
အစားအသောက်တွေမှာ ExpiryDate ဆိုတာပါတယ်။ မုန့်လုပ်ငန်းတွေက အဲဒါမထည့်ရင်ရောင်းလို့မရဘူး။ တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး ကျန်တဲ့မုန့်ထုပ်တွေ၊ Expired ဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့ မတွေးပါနဲ့။ ExpiryDateအသစ်လာကပ်ပေးတယ်။ အံ့ဖွယ်ဥာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။
ပလတ်စတစ်အကြော်
အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီတွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။ စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ရေဘူး ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင် Recycle လုပ်မရတဲ့ ဘာမဆိုထည့်ကြော်ဖို့ စိတ်ကူးထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့်ဒီ Reuse၊ Replace၊ Recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။
ယမ်းစိမ်းကင်
သေဒဏ်ပေးခံလိုက်ရတဲ့နို့မှုန့်ထဲ မယ်(လ်)မင်းရောတဲ့ တရုတ်နိုင်ငံက သက်ကြီးရွယ်အိုလင်မယားခမျာ မြန်မာပြည်မှာလူဖြစ်တာ အရတော်လေစွလို့ တဖွဖွပြောသွားခဲ့ရှာမှာ။ အသားတွေ ငါးတွေကင်ဖို့ အသားကင်အတွက် ယမ်းစိမ်းဆိုတာမျိုးကလည်း ကင်ဆာဖြစ်မယ့် အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်းဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကိုညီညွတ်တော့တာပါပဲ။ မြန်မာပြည်တွင်လုပ်သည်။
ပိုးလောက်လန်းရေသန့်ဗူး
ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း မြန်မာပြည်မှာလုပ်သည်။ ဗူးတွေကရေညှိတတ်နေတဲ့ ရေသန့်ဗူးတွေကိုလည်း ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ အိုင်ဆက်အိုလက်မှတ် ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့။ မြန်မာတွေက ပါရမီရှင်တွေချည်းပဲ။ ပါရမီသေတစ်ယောက်မှမပါဘူး။
သတင်းစာရေစိမ်
အိမ်မှာသတင်းစာရောင်းတိုင်း စိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ် မရောင်းခင်ချိန်ကြည့်ရင် လေးပိဿာလောက်ရှိရာကနေ သူတို့ချိန်ရင် နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်း မပီသဘူးတော့အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား .. မင်းတစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား အားလုံးပြန်ထုတ်မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။ မြန်မာပြည်တွင်လုပ်သည်။
ဆီကို ရေထိုး၊ ဘိလပ်မြေ ကျစ်စာခဲရော
အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက်နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်းဥာဏ်နဲ့ ပြည့်စုံမှုမှာတော့စံထားလောက်တယ် မဟုတ်ပါလားခင်ဗျာ။ ဘိလပ်မြေကို ကျစ်စာခဲရော ပါကင်ပြန်ပိတ်။ ဒါလည်းမြန်မာပြည်တွင်လုပ်သည်။
မြေမှုန့်သနပ်ခါး
သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။ ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့ အမြော်အမြင်ပေတကား။ မြန်မာပြည်တွင်လုပ်သည်။ သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။ မြန်မာပြည်တွင်လုပ်သည်။
ကားခုံတွေပြင်တယ်
ဂျပန်တို့ ကိုရီးယားတို့ ဆီက ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက ၄၅ ခုံပါ။ ခုံတွေနဲနဲပြန်ကျဉ်း၊ နဲနဲညာညှိလိုက်တယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျတော့ ၈၅ ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စလည်း မရှိလေတော့ အရေးပေါ်ထွက်ပေါက် များကိုလည်း ခုံနဲ့ပိတ်ပစ်ကြပါတယ်။ ဒါနဲ့ပဲ ခရီးသည်များခမျာ ကားစီးရင် ဒူးထောင်စီးရတာတို့ ဖင်တစ်ခြမ်း ထိုင်ရတာတို့တွေ ဘာတွေ ဖြစ်လာပါတယ်။ လိုင်းကားဆိုတာမျိုးကလည်း ဂတ်စ်အိုးထားရဖို့ အဓိကဆိုတော့ လူကဘယ်လိုထိုင်ထိုင် ရတယ်မဟုတ်လားဗျာ။ မြန်မာပြည်တွင်လုပ်ပါသည်။
ဝါးပိုးဝါး နဲ့ ဆလပ်လောင်း
လွန်ခဲ့သောနှစ်များဆီက ဆောက်လက်စ အဆောက်အဦးတစ်ခုကို ၀င်စစ်တော့ တိုက်အလည်တိုင်တွေမှာ သံချောင်းတွေရှိရမယ့်အစား ဝါးပိုးဝါးတွေခံပြီး ဘိလပ်မြေလောင်းတာတို့ အောက်ခံဆလပ်လောင်းတော့လည်း သံချည်သံကွေးမလုပ်ပဲ ၀ါးပိုးဝါးနဲ့ဆလပ်လောင်းတဲ့ နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။ ဒါနဲ့ ကမ္ဘာကိုဒီနည်းပညာသစ်ချပြဖို့ မ၀ံမရဲဖြစ်နေသေးတာကြောင့် ကန်ထရိုက်ကို အစိုးရအစောင့်အရှောက်နဲ့ ထားပြီး ဆက်လက်လေ့လာနေကြပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်။
ဘီစကစ်အမှုန့် ကွေကာအုတ်
ကွေကာအုတ် ဆိုတာကို တရင်းတနှီး ဖြစ်နေကြပြီးတဲ့ကိုယ်တို့အတွက်ကတော့ ဘီစကွတ်ကွေကာအုတ် ဆိုတာကလည်း ဒီကနည်းပညာပါပဲ။ Oat ဆိုတဲ့ ဂျုံနဲ့လုပ်ရမယ့် ကွေကာအုတ်ကို ရွှေမြန်မာအချို့က ဘီစကွတ်စက်ရုံက အကျိုးအပဲ့မုန့်အစတွေဝယ်ပြီး နိုင်ငံတကာအဆင့်မီ ကွေကာအုတ် ထုတ်ပါသတဲ့။ ကောင်းလေစွ။
အုန်းဆံခွံ ခြင်ဆေးခွေ
တစ်ခါကဈေးထဲမှာ အုန်းဆံဖတ်တွေ ကားလိုက်လာလာဝယ်လို့ ဘာလုပ်ဖို့တုန်း တိုးတိုးတိတ်တိတ် စုံစမ်းကြည့်တော့ ခြင်ဆေးခွေ ထုတ်ဖို့အတွက် အဓိက က အုန်းဆံဖတ်ဖြစ်ပါသတဲ့။ အုန်းဆံဖတ်မီးရှို့မှတော့ ခြင်ပြေးတာ မဆန်းပါဘူးလို့ပဲပြောချင်တယ်။
နွားနို့တစ်ရှူးဖတ်
နွားနို့ထဲကို ရေရောတာကို မပြောတော့ဘူး။ နွားနို့သောက်ဖူးကြတယ်မဟုတ်လား ။ အဲဒီနွားနို့ထဲမှာ မလိုင်ဖတ်ကလေးတွေပါတယ်လေ။ မလိုင်ဖတ်မပါရင် မသောက်ချင်တဲ့သူတွေ၊ နွားနို့အစစ်လို့ မထင်သူတွေအတွက် မလိုင်ဖတ်အတုပေါ့ဗျာ။ နွားနို့သောက်ချင်စိတ်လည်း ပျောက်ရင်ပျောက်သွားလိမ့်မယ်။ တစ်ရှူးလိပ်အဖြူတွေကို ကျစ်ပြီး ဖဲ့ပြီး နွားနို့ထဲထည့်ပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်ဗျာ။ သာကီဝင် ရွှေမြန်မာတွေပါ။
ဖွဲနုငရုတ်သီးမှုန့်
ဟယ်... ဒီငရုတ်သီးအနုမှုန့်က ဘာမှလည်းအရသာမရှိပါ့လား... အရောင်ထွက်တာပဲရှိတယ်... မှုန့်နေတာပဲ ဆိုရင်တော့ ငရုတ်သီးမှုန့် အရသာခံမနေပါနဲ့။ ဖွဲအရသာကိုသာ မြည်းကြည့်ပါတော့လို့ပြောချင်ပါတယ်။
ပုံနှိပ်စာအုပ်အတု
ဟုတ်ကဲ့... ဒါကတော့... ပြဌာန်းစာအုပ်တွေ အပြင်ရောက်နေတဲ့ ဈေးကွက်တစ်ခုပါ။ လူကြုံမှာတာနဲ့ တစ်ခါဝယ်ပေးဖူးတယ်။ ကျောင်းကစာအုပ်က ခွဲတမ်းနဲ့ရတာမလို့တဲ့။ ကလေးက ဖတ်စာအုပ်မရဘူးတဲ့ (ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး တည်ဆောက်မလို့ဟာကိုကွာ... တောက်... ဖတ်စာအုပ်မရှိတာနဲ့ မဆောက်လိုက်ရဘူး) ဤကား စကားချပ်...
ဝယ်ခဲ့ပေးဆိုတာနဲ့ ၀ယ်ဖူးတယ်။ ဈေးကလဲကောင်း စာရွက်အသားကလဲကောင်း။ အပြင်ကစာအုပ်က ပိုကောင်းနေတယ်ဟ ဆိုတော့ ရောင်းတဲ့လူက အတုမို့လို့ ကောင်းတာပါတဲ့ဗျာ။
>>> Forward Mail <<<


