လူအားလုံးသည် မိမိတို့၏ တစ်ဦးချင်းဘဝများကို အေးချမ်းလိုသည်။ အဆင်ပြေချောမွေ့စေလိုသည်။ ပထမဆန္ဒဖြစ်၏။ မိမိအပါအဝင် မိမိ မိသားစုကြားဝယ် မည်သည့်ပြဿနာအခက်အခဲမှ မဖြစ်စေချင်၊ ဒုတိယဆန္ဒဖြစ်၏။ မိမိပတ်ဝန်းကျင်ရှိ လူများ၊ မိသားစုများကိုလည်း အဆင်ပြေစေချင်သည်။ တတိယဆန္ဒဖြစ်၏။ မိမိရပ်ကွက်၊ မိမိနေထိုင်သော မြို့၊ မိမိနိုင်ငံ ချမ်းသာကြွယ်ဝစေလိုသည်။ နောက်ဆန္ဒများ။
မိမိတစ်ဦးတည်းအေးချမ်းပြီး၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင် မအေးချမ်း၍ အဆင်မပြေ၍ မဖြစ်။ မိမိသည် တစ်ဦးတည်းနေသူမဟုတ်။ မိမိပတ်ဝန်းကျင်နှင့် မိမိမိသားစုနှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်ဆံမှုရှိသည်။ ပတ်သက်မှုရှိသည်။ ပထမဆန္ဒ၊ ဒုတိယဆန္ဒ၊ တတိယဆန္ဒပြည့်စုံရုံမျှနှင့် မိမိသည်အေးချမ်းမှုကို မရနိုင်သည်ကို သိကြသည်။ သို့သော် ပထမဆန္ဒကိုဖြည့်ဆည်းနေကြသည်။
ပထမဆန္ဒဖြည့်ဆည်းရန်၊ အသိပညာရှာကြသည်။ သုတအဖုံဖုံရှာကြသည်။ ဖြည့်ကြသည်။ အသိရှိမှ သုတရှိမှ မိမိအေးချမ်းမည်။ ဤအချက်သည် အဓိကဖြစ်သည်။ အသိကို စာနှင့်လည်း ရှာရသည်။ အတွေ့အကြုံနှင့်လည်း ရှာရသည်။ သုတသည်လည်း ထိုနည်းလည်းကောင်း၊ ပမာအားဖြင့် ဆိုက်ကားနင်းသူသည် ဆိုက်ကားအနင်းသင်ရသည်။ ဆိုက်ကားနှင့်ပတ်သက်သည့်အရာရာ သိရသည်။ ဆိုက်ကားနှင့်ပတ်သက်သည့် အတွေ့အကြုံ သင်ယူရသည်။
မည်သည့်အသိဖြစ်စေ၊ မည်သည့်အတွေ့အကြုံဖြစ်စေ၊ လူတစ်ယောက်အတွက် အလဟဿမဟုတ်ပေ။ ပထမဆန္ဒကို ဖြည့်ဆည်းစဉ်၊ ဒုတိယဆန္ဒလည်း ဖြည့်ဆည်းရာရောက်၏။ တတိယဆန္ဒကို ဖြည့်ဆည်းရန် မိမိ၏ပတ်ဝန်းကျင်ကိုလည်း မိမိနှင့်တစ်သားတည်း သတ်မှတ်ရသည်။ မိမိ၌ရှိသည့်ဆန္ဒမျိုး သူတို့၌လည်း ရှိသည်ကို အစဉ်သတိပြုရသည်။ သို့မှမိမိသည် ပတ်ဝန်းကျင်နှင့် အဆင်ပြေသည်။ မိမိလည်း အကျိုးရှိ၊ သူတို့လည်းစိတ်ချမ်းသာမည်။ အဆင်ပြေကြမည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ဦးတည်းအဆင်ပြေ၍ မဖြစ်နိုင်။ တစ်ဦးတည်း ကောင်းစား၍ မရနိုင်။ မိမိတစ်ဦးတည်း အဆင်ပြေကာ၊ မိမိပတ်ဝန်းကျင်အဆင်မပြေပါက မကြာသောကာလ၌ ပတ်ဝန်းကျင်၏ အဆင်မပြေမှုသည် မိမိထံသို့ကူးစက်လာမည်က သေချာသည်။ သာဓက များစွာရှိပါ၏။
မိမိတစ်ဦးတည်း၏ဆန္ဒ ပြီးပြည့်စုံခြင်းသည် အန္တရာယ်ပင်ဖြစ်သည်ဆိုခြင်းကို သိလာသည့်အချိန်ရောက်မှ မိမိ၏ပတ်ဝန်းကျင်ကိုကြည့်၍ ပြုပြင်မည်ဆိုခြင်းသည် အချိန်နှောင်းသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အန္တရာယ်က မိမိအနားသို့ရောက်နေပြီဖြစ်သည်။ ထိုအန္တရာယ်ဆိုသည်မှာ ပတ်ဝန်းကျင်ကပြုလုပ်သည်မဟုတ်။ မိမိပြုလုပ်ထားသော အန္တရာယ်သာဖြစ်သည်။
လူများအားလုံးသည် ဆန္ဒများကို ဖြည့်တင်းနေခြင်းသာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ ဆန္ဒအားလုံးပြည့်သည်မဟုတ်။ ပထမဆန္ဒနှင့် ဒုတိယဆန္ဒ တစ်ပြိုင်တည်းဖြည့်ရသည့်နည်းသူ အခြားအခြားသော ဆန္ဒများကိုလည်း တစ်ပြိုင်နက်တည်း ဖြည့်ရသည်။ ပမာအားဖြင့် အိုးများစွာကိုဖြည့်သည့်အခါ အိုးတစ်အိုးတည်းမပြည့်နိုင်။ အိုးအားလုံးကို ညီတူဖြည့်ရသည်။
အိုးအားလုံးကို မိမိတစ်ဦးတည်ပိုင်ဟု သတ်မှတ်၍မရ။ အိုးအားလုံးသည် လူအများအတွက်ဖြစ်သည်။ အိုးအားလုံးကို လူအားလုံးက ဝိုင်းဝန်းဖြည့်ခြင်းဖြင့် အိုးအားလုံးသည် တစ်ချိန်၌ တစ်ပြိုင်တည်းပြည့်မည်။ မိမိ၏ဘဝသည် မိမိတစ်ဦးတည်းပိုင်မဟုတ်၊ လူအများနှင့် ပတ်သက်နေ၍ မိမိဘဝအိုးကို မိမိတစ်ဦးတည်းပိုင် သတ်မှတ်၍မရနိုင်။
လူတစ်ဦးချင်း၏ သီးသန့်ဘဝသည် မိမိတစ်ဦးတည်းပိုင် မဟုတ်သည်မှာ သေချာသည့်အထောက်အထားများစွာရှိပါသည်။ ကျိုးကြောင်းပြစရာ ဆင်ခြေများစွာရှိပါသည်။ ဆင်ခြေဆိုသည်မှာ အတွေ့အကြုံမှရရှိသည့်အရာဖြစ်သည်။ ထိုအတွေ့အကြုံသည် လူအားလုံး၌ရှိသည်။ မိမိ၏အတွေ့အကြုံသည်သာမှန်သည်။ အခြားလူများ၏ အတွေ့အကြုံကိုလည်း အသိအမှတ်ပြုရမည်။ မှန်လည်းမှန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ဘဝသည်လည်း မိမိနှင့်ပတ်သက် ဆက်နွယ်နေ၍ဖြစ်သည်။
လူအားလုံးသည် မိမိတို့၏ တစ်ဦးချင်းဘဝများကို အေးချမ်းလိုသည့် ပထမဆန္ဒမှ ဆက်နွယ်၍ ဆန္ဒများစွာရှိသည်။ အမည်အားဖြင့်သာ ကွဲပြားနေသည်။ ဆန္ဒသည် တစ်ခုတည်းသာဖြစ်သည်။ ထိုဆန္ဒကား လောကတစ်ခုလုံးအေးချမ်းလိုမှုသာဖြစ်ပါ၏။
လောကတစ်ခုလုံး အေးချမ်းရန်၊ မိမိတို့၏ ပထမဆန္ဒကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပါက အဖြေတစ်ခုလာမည်ဖြစ်သည်။ ထိုအဖြေကား မိမိကိုယ်မိမိ ပြုပြင်ရန်သာ…။
မောင်ဈေးကွက် (ဈေးကွက်ဂျာနယ်)



0 comments:
Post a Comment